သက္ကရာဇ် (၉၁၀)ပြည့်နှစ်တွင် ဘုရင်နောင်၏ခမည်းတော်တောင်ငူဘုရင်ခံ မင်းရဲသီဟသူ နတ်ရွာစံတော်မူသည်။ မင်းရဲသီဟသူ နတ်ရွာစံကြောင်းကို ဘုရင်တပင်ရွှေထီး ကြားသိတော်မူရလျှင် အလွန်ဝမ်းနည်းကြေကွဲခြင်း ဖြစ်တော်မူသည်။
တပင်ရွှေထီးသည် မင်းရဲသီဟသူကို ခမည်းတော်အရင်းကဲ့သို့ ချစ်ခင်တော်မူသဖြင့်ဟံသာဝတီကို စိုးစံရသောအခါ တောင်ငူရွှေနန်းကို လွှဲအပ်၍ တောင်ငူဘုရင်ခံအဖြစ် အုပ်စိုးစေခဲ့ခြင်းဖြစ်သည်။ လစ်လပ်သွားသော တောင်ငူဘု
ရင်ခံနေရာကို ဘုရင့်နောင်၏ညီတော်အား သီဟသူအမည်ဖြင့်စိုးစံရန် အမိန့်တော်ချမှတ်လေရာ မှူးမတ်တို့က "ကေတုမတီနေပြည်တော်ကြီးသည် ဘုန်းတော်ကြီးသောအရှင်တို့၏ စံရာဌာနကြီးဖြစ်ပါသည်။
ယခုအခါ အရှင်၏နောင်တော် ဘုရင့်နောင်သည် လှိုင်မြို့စားအဖြစ်နှင့်သာ အမှုတော်ကိုထမ်းရွက်လျက်နေရပါသည်။ လှိုင်မြို့ဆိုသည်မှာ မြို့ငယ်မျှသာဖြစ်သဖြင့် ဘုရင့်နောင်နှင့် သင့်လျော်မည်မထင်ပါ။ ကေတုမတီ နန်းနှင့်သာလျှင် သင့်လျော်လိမ့်မည်ဟု ထင်မြင်ပါသည်။ သို့ပါ၍ ဘုရင့်နောင်အား ကေတုမတီရွှေနန်းကို လွှဲအပ်သင့်ကြောင်း လျှောက်လိုပါသည်" ဟု မိမိတို့၏ ဆန္ဒကို တပင်ရွှေထီးအား လျှောက်ကြားကြသည်။
မှူးမတ်တို့လျှောက်ကြားချက်ကို တပင်ရွှေထီးက ...
"မှူးမတ်တို့လျှောက်ကြားချက်မှာ ငါ့နောင်တော်အကျိုးကို လိုလားသောကြောင့်သာ လျှောက်ကြရိုး မှန်ပေသည်။ သို့ရာတွင် ငါနှင့်ငါ့နောင်တော်မှာ ထီးနန်းစည်းစိမ် အမွေမကွဲပင်ဖြစ်ပေသည်။ ငါဘုရင်မင်းမြတ်ကိုယ်တော်တိုင်လည်း ငါ့နောင်တော် ဘုရင့်နောင်ပင် ဖြစ်တော့သည်။ ငါ့နောင်တော် ဘုရင့်နောင်ကိုယ်တိုင်လည်း ငါဘုရင်မင်းမြတ်ပင်ဖြစ်တော့သည်။ အထူးလျှောက်ကြားရန်မလို" ဟု မိန့်တော်မူသည်။ ဆိုရင်းအဓိပ္ပါယ်မှာ မိမိနှင့်ဘုရင့်နောင် ကွဲပြားခြင်းမရှိ။ ဘုရင့်နောင်သည် ဟံသာဝတီပြည်ကြီးရှင်ဖြစ်သော မိမိနှင့်အတူပင်ဖြစ်သည် ဟူ၍ဖြစ်၏။ တစ်နည်းအားဖြင့် မိမိနတ်ရွာမစံမီမှာပင် ဘုရင့်နောင်သည် မိမိ၏ကိုယ်ပွားတော်ဖြစ်နေရာ မိမိနတ်ရွာစံလျှင် ဘုရင့်နောင်မှ ဟံသာဝတီရွှေနန်းကို ဆက်ခံရမည်ဟု မိန့်ဆိုတော်မူလိုခြင်းဖြစ်သည်။
ဘုရင်တပင်ရွှေထီး၏ အမိန့်တော်မြတ်ကို ကြားကြရလျှင် မှူးမတ်အပေါင်းတို့မှာ ဘုရင်မင်းမြတ်၏ အလိုတော်စိတ်ရင်းအမှန်ကို သိကြရသဖြင့် ညီတော်နောင်တော်နှစ်ပါးတို့၏ ကိုယ်သာကွဲသော်လည်း စိတ်မကွဲဘဲ လွန်စွာပင် ချစ်ခင်မြတ်နိုးတော်မူကြပေသည်ဟု ချီးမွမ်းပြောဆိုကြလေသည်။
ထိုကဲ့သို့ ဘုရင်တပင်ရွှေထီးမှ စိတ်ရင်းဆန္ဒတော်အတိုင်း မိန့်တော်မူသည်ကို ကြားသိကြရသည့်အချိန်မှစ၍ မွန်အမတ်၊ မြန်မာအမတ်တို့သည်လည်း ဘုရင့်နောင်အပေါ် ရှေးကထက်ပင် ရိုသေကျိုးနွံလျက် အမှုတော်ကို ကြိုးပမ်းထမ်းရွက်ကြလေသည်။
ဟံသာဝတီတွင် တပင်ရွှေထီး အမူအကျင့်တော်ပျက်ယွင်းသဖြင့် ဘုရင့်နောင်က နိုင်ငံတော်ကို ထိန်းမတ်နေရချိန်တွင် မွန်တို့ထဲမှ ဟံသာဝတီကို ပုန်ကန်ထကြွမည့်သူတစ်ဦး ပေါ်ပေါက်လာသည်။ ထိုသူမှာ သမိန်ထောရာမ ဆိုသူဖြစ်သည်။
သမိန်ထောရာမအကြောင်းကိုရေးရလျှင် ဟံသာဝတီတွင် ဟံသာဝတီဘုရင် ဓမ္မစေတီ နတ်ရွာစံပြီးနောက် သားတော်ဗညားရန်က မင်းအဖြစ် ဆက်ခံစိုးစံသည်။ ဗညားရန် မင်းမဖြစ်မီ အိမ်နိမ့်စံအဖြစ် စံနေစဉ်တွင် သားတော်တစ်ပါးကို ဖွားမြင်သည်။ ထိုသားတော်သည် ဟံသာဝတီ ပျက်သောအခါ ရဟန်းဝတ်လျက် ပုန်းအောင်းနေခဲ့သည်။ ဟံသာဝတီတွင် တပင်ရွှေထီးစိုးစံနေစဉ် သက္ကရာဇ် (၉၁၁)၌ ဇရွဲအုံမြို့ရှိ သက်အိမ်သွေးသောက်ကြီး မတရူပွဲသို့သွားကာ မြန်မာဘုရင် တပင်ရွှေထီးကို ပုန်ကန်ရန် တိုင်ပင်သည်။
ထို့နောက် သံလျင်သို့ပြန်၍ မွန်အကြီးအကဲတို့ကို စည်းရုံးပြီး ဒလတွင် လူဝတ်လဲကာ ကျိုက်ပေါဘုရားတွင် သစ္စာပြု၍ သမိန်ထောရာမ ဟူသောအမည်ကို ခံယူ၏။ ယင်းနောက် လူသူဆင်မြင်း စုရုံးကာ မကော်သို့သွားရောက်ပြီး တပ်ခိုင်တပ်လုံတည်၍နေသည်။
ထိုသို့ သမိန်ထောရာမ ထောင်ထားပုန်ကန်သည့်အကြောင်း တပင်ရွှေထီး ကြားသိတော်မူရလျှင် ဆင်လုံးမြင်းရင်းစီရင်၍ အလျင်အမြန်ချီစေရန် ဘုရင့်နောင်ကို အမိန့်တော်ရှိသည်။
ဘုရင့်နောင်သည် ဇရွဲအုံမြို့စား ညီတော်သီရိဇေယျကျော်ထင် တစ်တပ်၊ သမြင်တုံမြို့စား ညီတော်နန္ဒယော်ဓာ တစ်တပ်၊ မြောင်းမြမြို့စား ဗညားလော တစ်တပ်၊ ပုသိမ်မြို့စား သမိန်ဗြဿပိုက် တစ်တပ်၊ ပန်းကိုမြို့စား ဗညားက္ကုန္ဒ တစ်တပ်၊ ဒလမြို့စား သီရိဇေယျနော်ရထာ တစ်တပ်၊ ဓနုဖြူမြို့စားသမိန်ရဲသင်ရံ တစ်တပ်၊ ဝန်မြို့စား သမိန်သံလိုက် တစ်တပ်၊ အစုတ်မြို့စား သမိန်အဲပရဲ တစ်တပ်၊ ခဲပေါင်မြို့စား သမိန်သံကျယ် တစ်တပ်၊ သာယာဝတီမြို့စား ဥဇနာ တစ်တပ်၊ ပေါင်း (၁၁)တပ်ကို တိုက်ဆင် (၂၀၀)၊ မြင်း (၃၀၀)၊ စစ်သည် (၆၀၀၀၀) ဖြင့် သမိန်ထောရာမကို နှိမ်နင်းရန် ချီစေသည်။
ဟံသာဝတီတပ်များ မကော်အရပ်သို့ရောက်လျှင် သူပုန်တပ်တို့နှင့်တွေ့ကာ တိုက်ခိုက်ကြရသည်။ သူပုန်တပ်တွင် သမိန်ထောရာမက ဆင်စီး၍လိုက်ပါသည်။ တိုက်ပွဲတွင် ဘုရင့်နောင်၏ ညီတော်နန္ဒယော်ဓာသည် 'ရဲမြတ်စွာ' ဆင်ကိုစီး၍ အတင်းလွှတ်တိုက်လေရာ သမိန်ထောရာမ စီးသောဆင် မခံနိုင်၍ ဆုတ်ပြေးသည်။ ဟံသာဝတီတပ်တို့ အတင်းဖိ၍တိုက်သဖြင့် သူပုန်တို့ တပ်ပျက်ကာ ဆုတ်ခွာကြရသည်။
မကော်အရပ်မှ ဆုတ်ရပြီးသည့်နောက် သမိန်ထောရာမသည် ဒလတောတန်းကြီးအတွင်းသို့ဝင်ကာ အင်အားဖြည့်တင်းသည်။ ထိုအခါ ရှေးကထက်ပင် သူပုန်တို့အင်အားက ကြီးမားလာသည်။ သံလျင်မှ သံလျင်မြို့စား နန္ဒကျော်ထင် ဟံသာဝတီသို့ ရောက်ရှိနေကြောင်းသိရသဖြင့် သမိန်ထောရာမသည် သံလျင်ကို အပြင်းသွားရောက် လုပ်ကြံသည်။ သံလျင်ကို အောင်မြင်လျှင် အခိုင်အလုံပြုကာ တပ်တည်၍နေသည်။
ထိုအကြောင်းကို တပင်ရွှေထီး ကြားတော်မူလျှင် သမိန်ထောရာမ ပုန်ကန်သည့်အရေးအား အလျင်အမြန် နှိမ်နင်းနိုင်ပါမှ ဖြစ်တော့မည်ဟုတွေးကာ ဘုရင့်နောင်ကိုယ်တိုင် ဦးစီးကြပ်မတ်၍ စစ်ချီရန် မိန့်ကြားသည်။
ဘုရင့်နောင်မှာ ဟံသာဝတီရွှေနန်းတွင် တပင်ရွှေထီးအား ထားခဲံ့ရမည်ကို စိတ်မချနိုင်။ ပေါ်တူဂီနိုင်ငံသားကို အပါးတော်တွင်ထားကာ ပေါင်းဖက်နေခဲ့၍ သေရည်အရက်ကို စွဲကြိုက်ကာ မင်းတရား၏ အသိစိတ်တို့ တိမ်းစောင်းလွဲမှားတတ်သည့်အတွက် "အရှင်၏မိန့်ကြားချက်မှာ မှန်ပါသည်။ သူပုန်တို့သည် ကျေးစွန်ရွာ လက်ရှိနေသူတို့နှင့် စိတ်ဝမ်းညီပါလျှင် အင်အားကြီးမားလာကာ အလုပ်အကြံများရမည်မှာ အမှန်သာဖြစ်သည်။ သို့သော် အရှင့်အားထား၍ နေပြည်တော်မှ ခွာရမည်မှာ ခက်လှပါသည်" ဟု ဘုရင်တပင်ရွှေထီးအတွက် စိတ်မချသည့်သဘောဖြင့် တင်လျှောက်သည်။
ဤတွင် တပင်ရွှေထီးက ...
"သူပုန်တို့၏ အင်အားကြီးလှသည်ဟု ကြားသိတော်မူသည်။ မည်မည်ရာရာ မှူးမတ်တို့ကို ခန့်တော်မူ၍ အရေးပြီးမည်မဟုတ်ချေ။ ယခုကိစ္စတွင် နောင်တော်ကိုယ်တိုင်ချီမှသာလျှင် အရေးတော်ပြီးလွယ်လိမ့်မည်။ နောင်တော် မစိုးရိမ်ပါနှင့်။ ငါ၏အပါးတော်တွင်လည်း တောင်ငူစားသီဟသူ၊ မုတ္တမစားစောလကွန်းအိမ်နှင့် သမိန်စောထွတ်တို့ ရှိလေပြီးသည်။ သူပုန်ရန်ကိုသာ အလျင်ချီ၍နှိမ်မှသင့်မည်" ဟု မိန့်တော်မူသည်။
ဘုရင့်နောင်သည် တပင်ရွှေထီး၏အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် ကိုယ်တိုင်ပင်ဦးစီးကြပ်မတ်၍ သံလျင်သို့ချီကာ သမိန်ထောရာမရန်ကိုနှိမ်နင်း၍ စီရင်ရတော့သည်။ မချီမီ ညီတော်သီဟသူ၊ စောလကွန်းအိမ်နှင့် သမိန်စောထွတ်တို့ကို ညီတော်မင်းတရားအား အထူးဂရုစိုက်စောင့်ကြပ်ရန် မိန့်မှာသည်။
သမိန်ထောရာမ၏တပ်အင်အားမှာ ကြီးမားလှသည့်အတွက် ဘုရင့်နောင်သည် သမိန်ထောရာမ၏ သူပုန်တပ်ကို အပြီးတိုင်နှိမ်နင်းရန်အတွက် တပ်ပေါင်း(၁၉)တပ်ကို စီရင်သည်။
ယင်းတပ် (၁၉)တပ်မှာ ညီတော်နန္ဒယော်ဓာ တစ်တပ်၊ ဥဇနာ တစ်တပ်၊ သမိန်ရဲသင်ရံ တစ်တပ်၊ ညီတော်သီရိဇေယျကျော်ထင် တစ်တပ်၊ သီရိဓမ္မရာဇ် တစ်တပ်၊ သီရိဇေယျနော်ရထာ တစ်တပ်၊ သမိန်ဗြဿပိုက် တစ်တပ်၊ သမိန်သံကျယ် တစ်တပ်၊ နန္ဒာကျော်ထင် တစ်တပ်၊ သမိန်ဇောကရတ် တစ်တပ်၊ နန္ဒသင်္ကြန် တစ်တပ်၊ သမိန်သံလိုက် တစ်တပ်၊ သမိန်ပရမ်း တစ်တပ်၊ ဗညားက္ကုန္ဒ တစ်တပ်၊ သည့်နောက်မှ ဘုရင့်နောင်က အရပ်ခုနှစ်တောင်ရှိသော 'ဥပါသထ' ဆင်တော်ကို ရွှေကြိုးရွှေကတပ်၍ စီးတော်မူသည်။ တပ်တော်တွင် နန္ဒသင်္ကြန်ကို တပ်မှူး၊ ဇေယျဗလကို စစ်ကဲခန့်ကာ လက်ဝဲရဲတိုင်မြင်းတပ်၊ လက်ယာရဲတိုင်မြင်းတပ်၊ တုရင်ယော်ဓာမြင်းတပ်၊ ဒေဝသူရမြင်းတပ်၊ ယင်းမြင်း(၄)တပ်နှင့် တပ်ပေါင်း(၁၉)တပ်တွင် တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၄၀၀၀)၊ စစ်သည်(၈၀၀၀၀)ဖြင့် ချီသည်။
ဟံသာဝတီမှ အပြင်းချီ၍ သံလျင်သို့ရောက်လျှင် စစ်ကိုမချဘဲ သံလျင်ကို သုံးမျက်နှာက ပတ်ဝိုင်းလျက် အတင်းတိုက်ခိုက်သည်။ သမိန်ထောရာမကလည်း မိမိအင်အားဖြင့် သံလျင်မြို့တွင်းမှ ခုခံသည်။ သို့သော် သမိန်ထောရာမမှာ လူသူအင်အားများပြားသော်လည်း လက်နက်မပြည့်စုံသည့်အတွက် ဟံသာဝတီတပ်များကို ကြာရှည်မခုခံနိုင်ဘဲရှိသည်။ ဟံသာဝတီတပ်များ မြို့ရိုးမြို့တာများကို အတင်းဖောက်ဖျက်ကာ မြို့တွင်းသို့ဝင်ရောက်ကြလေရာ သမိန်ထောရာမလည်း စုရုံးမိသမျှ မိမိနောက်လိုက်များနှင့် မြို့မှထွက်၍ ဒလအနောက်ဘက်သို့ ပြေးရလေသည်။
ဘုရင့်နောင်သည် သမိန်ထောရာမကို လက်ရဖမ်းလိုသဖြင့် သံလျင်တွင် ရပ်တန့်မနေဘဲ ဒလသို့ကူး၍ လိုက်သည်။ ဘုရင့်နောင်တပ်များ ဒလသို့ရောက်သောအခါ သမိန်ထောရာမသည် ဒလတွင် မခိုဝံ့တော့ဘဲ အနောက်ဘက်တစ်ကြောသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။
ဘုရင့်နောင်က သံလျင်ကိုအောင်ကြောင်းနှင့် သမိန်ထောရာမ အရေးနိမ့်ကာ ထွက်ပြေးတိမ်းရှောင်ကြောင်း တပင်ရွှေထီးထံလျှောက်ကြားရာ တပင်ရွှေထီးက ဘုရင့်နောင်အား ဟံသာဝတီသို့ ပြန်မလာသေးဘဲ ဒလကို အခိုင်အလုံပြု၍ သူပုန်ရန်ကို အပြီးတိုင်နှိမ်နင်းရန် မိန့်တော်မူသည်။
ဟံသာဝတီတွင် ဘုရင့်နောင်မရှိခြင်းမှာ နန်းစည်းစိမ်ကို ရရန်ကြံနေသူ မသူတော်တို့အတွက် အခွင့်ကောင်းတစ်ရပ်ပင်ဖြစ်လာသည်။ တပင်ရွှေထီးအပါးတွင် အစောင့်အကြပ်အဖြစ် ဘုရင့်နောင်ထားခဲ့သည့် ညီတော်သီဟသူ၊ မုတ္တမစားစောလကွန်းအိမ်နှင့် သမိန်စောထွတ်ဆိုသည့် ပုဂ္ဂိုလ်သုံးဦးအနက် သမိန်စောထွတ်ကား လွန်စွာကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်ပင်ဖြစ်သည်။
ဘုရင်တပင်ရွှေထီးက ယုံစားတော်မူ၍ ယုံကြည်စိတ်ချစွာ အနီးတွင်ထားသော်လည်း ကျေးဇူးသစ္စာကို မစောင့်မသိ။ နန်းစည်းစိမ်အာဏာပလ္လင်ကိုမက်မောကာ မိမိ၏အရှင်သခင်ကို လုပ်ကြံရန် ကြံစည်နေသူဟု ဆိုရမည်။
ဘုရင့်နောင် သံလျင်သို့ရောက်နေစဉ် သက္ကရာဇ် (၉၁၁)ခု၊ တပို့တွဲလတွင် သမိန်စောထွတ်သည် ပုဏ္ဏားတော်များနှင့်ပူးပေါင်း၍ တပင်ရွှေထီး၏ဇာတာတော်ကို စစ်ဆေးသည့်ဟန် ပြုစေသည်။ ပုဏ္ဏားတော်များက ဇာတာတော်မသန့်သည့်အတွက် ဟံသာဝတီနန်းမှ အခြားတစ်နေရာသို့ ယာယီပြောင်း၍စံသင့်ကြောင်း လျှောက်ထားသည်။ သမိန်စောထွတ်ကလည်း ယာယီနန်းပြောင်းသင့်ကြောင်း လျှောက်တင်လာသည်။
ထိုအခါ ဘုရင့်နောင်၏ အမိန့်နှင့် တပင်ရွှေထီးအပါးတော်တွင် စောင့်ရှောက်နေကြသော သီဟသူနှင့် စောလကွန်းအိမ်တို့က ယခုချိန်တွင် ရွှေနန်းတော်မှထွက်၍ ယာယီနန်းစံရန် မသင့်ကြောင်းကို တင်လျှောက်ကြသော်လည်း ပျက်စီးဖို့ရန် အချိန်အခါကျရောက်လာပြီ ဖြစ်သည့် တပင်ရွှေထီးက နားဝင်တော်မမူဘဲ ပန်းတရော်ထွက်ရန် တပ်သားများကိုသာ စီစဉ်စေသည်။ ဟံသာဝတီတွင်မူ ဘုရင့်နောင်ညီတော်သီဟသူကို အစောင့်အနေထားသည်။ ထို့နောက် တိုက်ဆင်(၁၀၀)၊ မြင်း(၂၀၀၀)၊ စစ်သည်(၄၀၀၀၀)ဖြင့် ပန်းတရော်သို့ ပြောင်းရွှေ့ကာ ယာယီနန်းစံမြန်းသည်။
ဘုရင်တပင်ရွှေထီး ပန်းတရော်၌ ယာယီနန်းစံမြန်းနေစဉ်တွင် စစ်တောင်းစားမင်းမဟာ ကွယ်လွန်ကြောင်းကြားသိတော်မူလေရာ တပင်ရွှေထီးသည် လစ်လပ်သွားသော မင်းမဟာနေရာတွင် မိမိ၏လူယုံ သမိန်စောထွတ်ကို စစ်တောင်းစားအဖြစ် ခန့်အပ်လိုက်သည်။
စစ်တောင်းစားဖြစ်လာသည့်အတွက် သမိန်စောထွတ်၏ အာဏာမှာ ယခင်ကထက် ကြီးမားလာရာ သမိန်စောထွတ်သည် အရှင်သခင်၏အကျိုးကိုလိုဟန်ဖြင့် တပင်ရွှေထီး၏လုံခြုံရေးအတွက် ၄င်း၏ညီနှစ်ဦးအား လက်ယာဓားမှူးနှင့် လက်ဝဲဓားမှူးများအဖြစ် ခန့်အပ်ရန် လျှောက်ထားရာ တပင်ရွှေထီးကလည်း လက်ခံလေသည်။
အကျိုးတော်ကိုလိုလားသော စောလကွန်းအိမ်က သမိန်စောထွတ်၏ညီနှစ်ယောက်အား ရွှေဓားမှူး ခန့်ထားခြင်းကို နှစ်သက်ခြင်းမရှိသော်လည်း ဘုရင့်အလိုတော်နှင့် ဆန့်ကျင်ပြီး လျှောက်တင်ရန် မဝံ့သည့်အတွက် အသာပင်ကြည့်နေရလေသည်။
ပန်းတရော်တွင် ယာယီနန်းစံမြန်း၍ တစ်လမျှကြာလျှင် သမိန်စောထွတ်သည် အကြံတစ်မျိုးဖြင့် တပင်ရွှေထီးအား ပန်းတရော်တပ်မှ ရခိုင်တပ်သို့ ပြောင်းရွှေ့စံမြန်းပါရန် လျှောက်ပြန်သည်။ ရခိုင်တပ်ဆိုသည်မှာ ယခင်သံတွဲမြို့စားလာရောက်စဉ်က ရခိုင်မှပါလာသည့်တပ်များကို နေရာချထားသော အရပ်ဖြစ်သည်။ ရခိုင်စစ်သည်တို့နေရာဌာနေဖြစ်၍ ၎င်းအရပ်ကို ရခိုင်တပ်ဟူ၍ခေါ်သည်။
ရခိုင်တပ်တွင် တပင်ရွှေထီးစံနေတော်မူစဉ် သမိန်စောထွတ်သည် မိမိ၏နောက်လိုက်များနှင့်ပေါင်း၍ အရှေ့ကသာအရပ်တွင်ဆင်ဖြူတော်ပေါ်နေကြောင်း သတင်းလွှင့်သည်။ ထို့နောက် တပင်ရွှေထီးအား အရှင်၏ဘုန်းကံကြောင့် ဆင်ဖြူတော်ပေါ်လာခြင်းဖြစ်သည့်အတွက် ကိုယ်တော်တိုင် ဖမ်းယူသင့်ကြောင်း လျှောက်တင်သည်။
တပင်ရွှေထီးသည် 'ဆင်ဖြူရှင်' အမည်ကို ခံယူလိုသဖြင့် သင့်, မသင့် မနှိုင်းချိန်နိုင်ဘဲ သမိန်စောထွတ်၏ စကားကို လက်ခံကာ ရခိုင်တပ်မှ ကသာသို့ပြောင်းကာ ကသာရှိ အင်းကလိန်ဘုရားအနီး၌ တပ်တော်ချနေသည်။ အင်းကလိန်ဘုရားအနီးတွင် တပ် စခန်းချစဉ် တပင်ရွှေထီးသည် အပါးတော်၌ခစားနေသော စောလကွန်းအိမ်ကို ဆင်ဖြူတော်ရရေးအတွက် ရဲမက်ဗိုလ်ပါစုရုံးရန် မုတ္တမသို့ လွှတ်သည်။
စောလကွန်းအိမ်က ...
"ကိုယ်တော်နှင့်ကျွန်တော့်ကို မကွာစေနှင့်ဟု ဘုရင့်နောင်တော်က မှာတော်မူပါသည်" ဟု အကြိမ်ကြိမ်တင်လျှောက်သော်လည်း တပင်ရွှေထီးက "ငါ့အတွက် မပူနှင့်၊ သမိန်စောထွတ် ငါ့အနီးတွင်ရှိသည်။ မုတ္တမသို့သာ သွားလေ" ဟု မိန့်တော်မူသည့်အတွက် စောလကွန်းအိမ်မှာ မည်သို့မျှ အမိန့်တော်ကို မလွန်ဆန်နိုင်တော့ဘဲ ကသာမှခွာကာ မုတ္တမသို့ ပြန်ခဲ့ရသည်။
သမိန်စောထွတ်ကား မိမိကြံစည်ထားသည့်အတိုင်း အချိန်ကောင်း အခွင့်ကောင်းကို ရပြီဖြစ်သည့်အတွက် မိမိညီ ဓားမှူးများနှင့် ဘုရင်ကိုလုပ်ကြံရန် တိုင်ပင်သည်။
ထိုညကား သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော်(၁)ရက်၊ ဗုဒ္ဓဟူးနေ့သို့အဝင် ညဥ့်(၃)ချက်တီးကျော်အချိန်။
အင်ကလိန်ဘုရားတစ်ဝိုက်တွင် အကာလညဥ့်အမှောင်နှင့်အတူ တိတ်ဆိတ်နေသည်။ ယာယီတဲနန်းအတွင်းရှိ သမိန်စောထွတ်နှင့် ညီဖြစ်သူ ဓားမှူးနှစ်ယောက်သည် ဘုရင်တပင်ရွှေထီး စက်ပျော်လျက်ရှိမည့်အချိန်ကို စောင့်နေကြသည်။ စက်ပျော်လျက်ရှိကြောင်းသေချာပြီဆိုသည်နှင့် သမိန်စောထွတ်သည် လက်ဝဲဓားမှူးကို အချက်ပြလိုက်သည်။ လက်ဝဲဓားမှူး၏ဓားသည် ဓားရောင်ဝင်းလျက် အပေါ်သို့မြောက်တက်သွားကာ ပြင်းစွာသောအရှိန်ဖြင့် အောက်သို့ ပြန်ကျလာသည်။ ဓားက အလွန်ထက်မြက်လှသဖြင့် တပင်ရွှေထီး၏ ဦးခေါင်းတော်မှာ တစ်ချက်တည်းဖြင့် သလွန်တော်မှ အောက်သို့ ကျသွားရသည်။
ဘုရင့်ဦးခေါင်းတော်ပြတ်သည်နှင့် "အောင်ပြီ၊ အောင်ပြီ" ဟု သမိန်စောထွတ်နှင့် လက်ဝဲလက်ယာဓားမှူးတို့ ကြွေးကြော်အော်ဟစ်လိုက်ကြသည်။ အင်ကလိန်တပ်တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်၍သွားသည်။
ဘုရင်တပင်ရွှေထီးကား မိမိယုံကြည်ခဲ့မိသူ၏လက်ချက်ဖြင့် နတ်ရွာစံတော်မူခဲ့ရပြီဖြစ်သော်လည်း သလွန်တော်အောက်တွင် ကျနေသော ဦးခေါင်းတော်ကား အသက်ရှိနေသောသူကဲ့သို့ မျက်တောင်တခတ်ခတ်ရှိနေသည်။ မျက်တောင်ခတ်နေသည်မှာ နေ့တစ်ချက်တီးကျော်မှပင်ငြိမ်လေသည်။
ထိုကဲ့သို့ ထူးဆန်းပုံများကို တပင်ရွှေထီးကိုးကွယ်သော ဇောတိကာရုံဆရာတော် ကြားတော်မူလေလျှင် ပြတ်ပြီးသောဦးခေါင်းတော်မှ မျက်တောင်ခတ်သည့် နိမိတ်များမှာ မွန်နိုင်ငံတွင် မွန်တို့အုပ်စိုးရလိမ့်မည်မဟုတ်သေး။ မြန်မာဘုရင်များ ဆက်လက်အုပ်စိုးရလိမ့်ဦးမည်ဟု မိန့်ဆိုတော်မူလေသည်။
ဘုရင်တပင်ရွှေထီးသည် သက္ကရာဇ် (၈၇၈)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူပြီး၊ သက္ကရာဇ် (၉၁၂)ခု၊ ကဆုန်လပြည့်ကျော် (၁)ရက် ဗုဒ္ဓဟူးနေ့တွင်ပင် နတ်ရွာစံလွန်သည့်အတွက် ဖွားနေ့၊ ဖွားရက်၊ နတ်ရွာစံနေ့ရက်တို့ တူ၍နေသည်ကလည်း ထူးခြားလှသည်။
အိမ်ရှေ့စံ (၁၅)နှစ်၊ နန်းစည်းစိမ်(၂၀)နှစ် သက်တော်(၃၅)နှစ်တွင် နတ်ရွာစံတော်မူသည့်အတွက် အရွယ်တော်မှာ နုနယ်ပျိုမျစ်ချိန်ဖြစ်သည်ဟု ဆိုရမည်။ တိုင်းတစ်ပါးလူမျိုးခြားတစ်ဦးနှင့် ပေါင်းမိ၍ အရက်သေစာကိုစွဲရာမှ အမှားအမှန်ကို မနှိုင်းချိန်နိုင်၊ မဆင်ခြင်နိုင်ဖြစ်ကာ မယုံစားသင့်သူကို ယုံစားမိခဲ့သည့်အတွက် "လူယုံသတ်ကာ သေကြရ" ဆိုသကဲ့သို့ အရွယ်တော်ကောင်းစဉ်တွင် နတ်ရွာစံခဲ့ရသည်မှာ ဝမ်းနည်းဖွယ်ရာ၊ သင်ခန်းစာယူစရာများပင်ဖြစ်သည်။
တပင်ရွှေထီးကိုးကွယ်တော်မူသော ဇောတိကာရုံဆရာတော်သည် မသမာသူ၏လက်ချက်ဖြင့် အသက်ဆုံးရှုံးရလေသော မိမိ၏ဒါယကာ ဘုရင်၏အလောင်းတော်ကို ကောင်းမွန်စွာသဂြိုလ်လိုသည့် အတွက် အလောင်းတော်ရှိရာ ယာယီနန်းသို့ လျင်မြန်စွာ ကြွတော်မူပြီးလျှင် သမိန်စောထွတ်ထံတွင် အလောင်းတော်ကို တောင်းခံသည်။ သမိန်စောထွတ်ကလည်း ၎င်း၏အကြံအောင်ပြီဖြစ်သဖြင့် တစ်စုံတစ်ရာကန့်ကွက်ခြင်းမပြုဘဲ ဆရာတော်၏သဘောဆန္ဒအတိုင်းဆောင်ရွက်ရန် အလောင်းတော်ကို ဆရာတော်ထံ အပ်နှံသည်။
ဇောတိကာရုံဆရာတော်သည် တပင်ရွှေထီး၏အလောင်းတော်ကို အင်ကလိန်ဘုရားအနီး တောတောင်အတွင်းမှာပင် ကောင်းမွန်စွာ သဂြိုလ်တော်မူသည်။ ထို့နောက် ဆရာတော်ကိုယ်တိုင် အရိုးတော်ကို ရွှေအိုး၌ထည့်ပြီးလျှင် သန့်ပြန့်သောအရပ်ဌာန၌ မြှုပ်နှံတော်မူသည်။
ဘုရင့်နောင်သည် အကြံအစည်တော်အောင်မြင်၍ ဘုန်းကြီးသောမင်း အဖြစ်သို့ ရောက်တော်မူသောအခါ သက္ကရာဇ် (၉၁၄)ခု၊ ဝါဆိုလတွင် ဘုရင်တပင်ရွှေထီးသင်္ချိုင်းတော် ရှိရာသို့ နန္ဒသူရိယအမတ်နှင့် နန္ဒကျော်ထင်အမတ်နှစ်ယောက်တို့ကို လွှတ်တော်မူကာ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေတန်ဆောင်တိုင်၊ ငွေတန်ဆောင်တိုင်တို့ဖြင့် ပူဇော်စေပြီး သင်္ချိုင်းတော်ရာတွင် စေတီတည်ထားတော်မူလေသည်။
ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ
No comments:
Post a Comment