Sunday, January 1, 2017

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၅)


ဟံသာဝတီကို အစမ်းချီ၍ တိုက်ခိုက်တော်မူခြင်း

တပင်ရွှေထီးသည် ဟံသာဝတီမှကေတုမတီသို့ ပြန်လည်ရောက်ရှိတော်မူလာပြီးနောက် မွန်ဘုရင် သုရှင်တကာရွတ်ပိ စိုးစံနေသည့် ဟံသာဝတီကို သိမ်းယူရန် အကြံတော်ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ညီလာခံသဘင်တွင် မိမိ၏ မှူးကြီးမတ်ရာ သေနာပတိများနှင့် တိုင်ပင်တော်မူသည်။

ငါ၏ဆန္ဒတော်ကား ငါ၏ခမည်းတော် တည်တော်မူခဲ့သည့် ကေတုမတီရွှေနန်းတော်ကြီး၏အရိပ်ကို နေရာအဝှမ်း လွှမ်းမိုးစေလိုသည်။ ထို့ကြောင့် ဟံသာဝတီကိုရှေးဦးစွာ စစ်ချီ၍ တိုက်သင့်သလော၊ သို့မဟုတ် အင်းဝနေပြည်တော်ကို ရှေးဦးစွာ တိုက်သင့်သလောဆိုသည်ကို လျှောက်တင်ကြစေ”

ထိုအခါ အထိန်းတော်သတိုးဓမ္မရာဇာနှင့် အထိန်းတော်စည်သူကျော်ထင်တို့က . . .
“ကျွန်တော့်အထင်မှာ အင်းဝကို ဦးစွာစီး၍ မီးတစ်မီးငြိမ်းသောအခါမှ ဟံသာဝတီကို သိမ်းသင့်သည်ဟု ထင်ပါသည်။ အကြောင်းမှာ ယခုအခါ ဟံသာဝတီသည် ပြည်နှင့် ပူးပေါင်းနေသဖြင့် အင်အားရှိနေဆဲဖြစ်ပါသည်။ ကေတုမတီကိုပင်တိုက်ခိုက်ရန် အကြံယူနေပါသည်။

အင်းဝတွင် ရှမ်းမင်း သိုဟန်ဘွား အုပ်စိုးနေသဖြင့် မြန်မာအမတ်နှင့် ရှမ်းအမတ်တို့မှာ စည်းလုံးညီညွှတ်ခြင်း မရှိကြပါ။ နိုင်ငံသားတို့ကလည်း မိစ္ဆာဖြစ်သော သိုဟန်ဘွားကို ကြည်ညိုခြင်းမရှိကြပါ။ ကျွန်တော်တို့က အရင်တိုက်သိမ်းပါလျှင် အလွယ်ဖြင့်ရနိုင်မည့်အကြောင်း ရှိပါသည်။ သို့ပါ၍ အင်းဝကို လက်ဦးစွာ စီးရန်သင့်ကြောင်း လျှောက်တင်အပ်ပါသည်” ဟု လျှောက်ကြ၏။

ကျော်ထင်နော်ရထာကမူ ဤသို့လျှောက်သည်။
“ကျွန်တော်မျိုးအနေဖြင့် ဟံသာဝတီကို ဦးစွာတိုက်သိမ်းသင့်သည်ဟု ထင်ပါသည်။ ဟံသာဝတီသည် ပြည်နှင့်ပူးပေါင်းသဖြင့် အားရှိနေသည်မှာ မှန်ပါသည်။ အင်းဝမှာအချင်းချင်းစိတ်ဝမ်းကွဲနေကြသဖြင့် အားနည်းနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ကျွန်တော်ကမူ အားရှိသောနိုင်ငံကို ဦးစွာဖြိုသင့်သည်ဟု လျှောက်လိုပါသည်။

အင်းဝကိုဦးစွာချီတက်တိုက်ခိုက်မည်ဆိုပါလျှင် ဟံသာဝတီနှင့် ပြည်တို့က ကေတုမတီကို အမြန်ချီ၍ မတိုက်ဘဲနေကြမည်မဟုတ်။ အလစ်သုတ်ရန်ချောင်းနေသော သိန်းစွန်ငှက်များကဲ့သို့ ကေတုမတီကို မှန်း၍ နေကြပါသည်။ ဟံသာဝတီမှာ အင်အားကြီးသည်ဆိုသော်လည်း ဟံသာဝတီကိုသာ ရှေးဦးစွာ ချီတက်တိုက်ခိုက်သင့်ကြောင်း လျှောက်တင်လိုပါသည်”

တပင်ရွှေထီးမှာ ကျေနပ်အားရနှစ်သက်ခြင်း ဖြစ်တော်မူရသည်။ မှူးမတ်သေနာပတိ အပေါင်းတို့ ကလည်း ကျော်ထင်နော်ရထာ လျှောက်တင်ချက်ကို သဘောတူလက်ခံကြသည်။ သို့ဖြင့် ရှေးဦးစွာ ဟံသာဝတီကို ချီတက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုစဉ်တွင် ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိကလည်း ကေတုမတီကို သတိပြုကာ စစ်ရေးအတွက် အထူးပင် ဂရုထားစီစဉ်ရတော့သည်။ ဟံသာဝတီတို့ သင်္ဘောဖြင့်လာကြသည့် နိုင်ငံခြားသားတို့ထံမှ နိုင်ငံခြားလက်နက်များကို ဝယ်ယူစုဆောင်းရာ ဟံသာဝတီဘုရင်ထံတွင် နိုင်ငံခြားလက်နက်တို့ဖြင့် ပြည့်စုံလျက်ရှိနေသည်။ နိုင်ငံခြားသားတို့ကို အမှီသဟဲပြုရသဖြင့်လည်း ဟံသာဝတီဘုရင်သည် ကေတုမတီရန်ကို ခုခံကာကွယ်နိုင်မည်ဟု အားတက်လျက်ရှိသည်။

သက္ကရာဇ် (၈၉၆) ခုနှစ်၊ တပင်ရွှေထီး သက်တော် (၁၉)နှစ် အရွယ်တော်တွင် ဟံသာဝတီကို အားစမ်းသည့်အနေဖြင့် စစ်တံခွန်လွှင့်သည့်သဘောမျိုးနှင့် ဟံသာဝတီကို အစမ်းချီတော်မူသည်။ ထိုအစမ်းချီ စစ်ပွဲတွင် တိုက်ဆင်(၄၀)၊ စစ်မြင်း (၄၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင်သည်။ ကေတုမတီ တောင်ငူတပ် ရုတ်တရက် ချီလာသဖြင့် ဟံသာဝတီတပ်တို့ ဆီးကြို၍ တိုက်ခွင့် မရ။ မြို့ကိုသာ လုံခြုံစွာ စီး၍ခံကြရ၏။ ကေတုမတီတပ်တို့က (၇)ရက်တိုင်တိုင် မြို့ကို လုပ်ကြံသော်လည်း မြို့ကိုပေါက်အောင် မဖောက်နိုင်သဖြင့် ကေတုမတီတပ်များ တပ်ဆုတ်၍ ပြန်ခဲ့ကြရသည်။

ဒုတိယအကြိမ်အဖြစ် သက္ကရာဇ် (၈၉၇) ခုနှစ်တွင် ကေတုမတီတပ်များက ဟံသာဝတီကို တိုက်ပြန်ရာ တိုက်ဆင်(၆၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၆၀၀၀၀) ပါဝင်သည်။ ဟံသာဝတီမြောက်ဘက် ‘ကျပ်ကတိုး’ အရပ်တွင် တပ်တော်ချကာ ဟံသာဝတီကို လုပ်ကြံရာ ဟံသာဝတီမြို့တွင်းမှ ကုလားဖြူ၊ ကုလားနက်၊ နိုင်ငံခြားစစ်သားများစွာတို့ဖြင့် ဆီးဆို့ခုခံသဖြင့် သုံးလတိုင်တိုင် လုပ်ကြံသော်လည်း မြို့ကိုမရ၍ တပ်ဆုတ်ပြန်ခဲ့ရ၏။

တပင်ရွှေထီး ကေတုမတီသို့ ပြန်ရောက်တော်မူသည်တွင် ဟံသာဝတီကို နှစ်ကြိမ်တိုင်တိုင်လုပ်ကြံသော်လည်း မအောင်မြင်ခြင်းနှင့် ပတ်သက်၍ မှူးမတ်သေနာပတိများနှင့် တိုင်ပင်တော်မူသည်။

ကျော်ထင်နော်ရထာက . . .
“ကျွန်တော်မျိုးတို့ ဟံသာဝတီကို ပေါက်အောင်မဖောက်နိုင်သေးသည်မှာ အခြားကြောင့်မဟုတ်ပါ၊ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ ၏ လက်ရုံးများဖြစ်ကြသည့် ဗညားလော၊ ဗညားကျန်းတို့က ရာမညတိုင်းတွင်ရှိသော အမြို့မြို့မှ လက်ရုံးကောင်းရှိသည့် သူရဲကောင်းတို့ကို ရွေးချယ်ခေါ်ယူ၍ ကုလားဖြူ၊ ကုလားနက်၊ နိုင်ငံခြား စစ်သည်များနှင့်အတူ မြို့တော်တွင် လက်နက်အပြည့်အစုံနှင့် ထားပါသည်။ မွန်တို့အား ယခုအခါ ဟံသာဝတီကိုသာ မဲ၍ တိုက်ခိုက်နေကြပါသည်။ စန္ဒဂုတ်စစ်တိုက်သကဲ့သို့ ဗဟိုကိုသာတိုက်ခြင်းမှာ မသင့်လျှော်ပါ။ ဟံသာဝတီမှတစ်ပါး အခြားမွန်မြို့များမှာ အင်အားမရှိကြပါ။ သို့ဖြစ်ပါ၍ ယခုတစ်ကြိမ်တိုက်လျှင် ဟံသာဝတီကိုမတိုက်သေးပဲ ရာမညတိုင်းနယ်များကိုသာ တိုက်ယူသင့်ပါသည်”
ဟု လျှောက်တင်ရာ မှူးမတ်သေနာပတိနှင့်တကွ တပင်ရွှေထီးကိုယ်တိုင် နှစ်သက်တော်မူသဖြင့် ဒဂုန် (ရန်ကုန်)တွင် ကေတုမတီတပ်ကြီးကို ခိုင်လုံစွာတည်၍ ရာမညတိုင်းတစ်ဝှမ်းလုံးကို သိမ်းယူရန် ဆုံးဖြတ်တော်မူသည်။
မှတ်ချက်။ ။ ဒဂုန်မှာ ယခု ရန်ကုန်မြို့ဖြစ်သည်။ ထိုစဉ်က ဒဂုန်မှာ ရာမညတိုင်းတွင်း ရှိသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်တော်မူသည့် အလောင်းဘုရားသည် အောက်နိုင်ငံကိုစုန်တော်မူလာ၍ ဒဂုန်မြို့၌ တပ်တည်ပြီးလျှင် ရာမညတိုင်းမွန်တို့ကို လုပ်ကြံတော်မူရာ အောင်မြင်တော်မူသဖြင့် ရန်အမျိုးမျိုးတို့၏ ကုန်ရာဌာနဖြစ်သော နိမိတ်ကိုအစွဲပြုလျက် ဒဂုန်ကို ရန်ကုန်ဟူ၍ သမုတ်တော်မူခဲ့ခြင်းဖြစ်၏။

သက္ကရာဇ် (၈၉၈) ခုနှစ်တွင် တပင်ရွှေထီးသည် တတိယအကြိမ် စစ်ချီတော်မူရာ၌ တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၈၀၀)နှင့် စစ်သည်သူရဲ (၇၀၀၀၀) ပါရှိပြီး၊ ကျော်ထင်နော်ရထာကို ဗိုလ်ချုပ်ခန့်ကာ ရှေ့မှ ချီတက်စေသည်။ ကေတုမတီ တွင်မူ ကျော်ထင်နော်ရထာ၏ ဖခင် မင်းရဲသိင်္ခသူကို ယုံကြည်တော်မူရင်း ရှိသည့်အတိုင်း မြို့စောင့်ထားတော်မူခဲ့သည်

ထိုသို့ တတိယအကြိမ် စစ်ချီရာတွင် မွန်ဘုရင် သုရှင်တကာရွတ်ပိ၏ တပ်များသည် ဟံသာဝတီမှ ထွက်၍ ကောလိယသို့ တိုင်အောင် ချီလာကြကာ ကေတုမတီတပ်များကိုဆီးကြို၍ တိုက်ခိုက်သည်။ ရှေ့ဆုံးမှချီနှင့်သည့် ကျော်ထင်နော်ရထာက မွန်ဘုရင်၏တပ်ကို အတင်းဝင်၍ ပြန်တိုက်ရာ မွန်တို့အရေးနိမ့်ပြီး ဟံသာဝတီတို့ဆုတ်ပြေးကြရသည်။ ထိုတိုက်ပွဲတွင် မွန်အမတ်ကြီး သမိန်ပရူကို အရှင်ဖမ်းမိသည်။ လူသူဆင်မြင်းများစွာကိုလည်း ရရှိလိုက်သည်။

ထိုသတင်းကို တပင်ရွှေထီးကြားရသောအခါ လွန်စွာအားရတော်မူသဖြင့် နားထွင်းမင်္ဂလာကျင်းပစဉ်အခါက စီးတော်မူခဲ့သည့် “သတ္တရုဇေယျ” မြင်းတော်ကို ကျော်ထင်နော်ရထာအား အောင်ဆုအဖြစ် ပေးတော်မူသည်။

တပင်ရွှေထီးသည် ဟံသာဝတီကို တိုက်ခိုက်ခြင်းမပြုသေးဘဲ ဒဂုန်သို့တိုင်အောင် အပြင်းချီတော်မူသည်။ ဒဂုန်သို့ရောက်တော်မူလျှင် ရှေးဦးစွာ ဒဂုန်ဆံတော်ရှင်ဘုရား (ရွှေတိဂုံစေတီတော်)ကို ဖူးမြော်ပြီး ဘုရား၏ အနောက်မျက်နှာတွင် ခိုင်ခံ့စွာ တပ်ကြီးတည်တော်မူသည်။ ထို့နောက် ပုသိမ်၊ မြောင်းမြ၊ ခဲပေါင်၊ ဒေးပသွယ်မှစ၍ ရာမညတိုင်းရှိ မွန်မြို့များကို တပ်များခွဲ၍ ချီတက်တိုက်ခိုက် သိမ်းယူစေရာ တိုက်ပွဲတိုင်းအောင်၍ မြို့ရွာဌာနတို့မှ စစ်နှင့်ဆိုင်သော လူသူစစ်မြင်း၊ လက်နက် အမြောက်အများတို့ကို သိမ်းယူရရှိသည်။

ဒဂုန်တွင် စံနေတော်မူစဉ် ဒဂုန်ဆံတော်ရှင်ဘုရားရင်ပြင်တော်သို့ နေ့စဉ်တက်၍ ရှိခိုးဝတ်ပြုတော်မူသည်။ ဒဂုန်ဆံတော်ရှင်ဘုရားကိုလည်း အလွန်ကြည်ညိုတော်မူသဖြင့် “ရာမညတိုင်း” မွန်သုံးရပ်ကို အောင်မြင်တော်မူသောအခါ “ဒဂုန်ဆံတော်ရှင်ကို ပြုပြင်မွမ်းမံပါမည်” ဟု အဓိဋ္ဌန်ထားတော်မူသည်။

မိုးကျချိန်တွင် ဒဂုန်မှ ကေတုမတီသို့ ပြန်လည်၍ စစ်ချီတော်မူလာရာ၌ ဟံသာဝတီအနီးသို့ရောက်လျှင် “စစ်အညောင်း ဆန့်တော်မူဦးမည်” ဟု မိန့်တော်မူကာ စစ်ကျီစယ်သော သဘောဖြင့် ဟံသာဝတီကို တိုက်ခိုက်တော်မူပြန်သည်။ သို့သော် မွန်တို့က မြို့တွင်းမှ အခိုင်အခံ့ပြင်ဆင်ပြီးခုခံကြသောကြောင့် မြို့တော်ကို ရတော်မမူချေ။

ဟံသာဝတီပြည့်ရှင်သုရှင်တကာရွတ်ပိမှာစိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် လာရသည်။ မိမိပိုင်ရာ ရာမညတိုင်းနယ်ပယ်များမှာလည်း တပင်ရွှေထီးလက်ထဲသို့ ပါသွားရသည်က တစ်ကြောင်း၊ နိုင်ငံခြားသားပေါ်တူဂီလူမျိုး ဗေရိဒီနန္ဒ္ဒဒေမောရ်လတ်နှင့်အဖွဲ့ကလည်း ထင်သလောက် အားကိုး၍ မရသည်ကတစ်ကြောင်း၊
ကေတုမတီမှာလည်း ယခင်ဘုရင်များ လက်ထက်ကဲသို့ မဟုတ်ဘဲ၊ ယခုဘုရင်ငယ် တပင်ရွှေထီးမင်းမှ စစ်သည်အင်အားတိုးချဲ့ကာမိမိဟံသာဝတီကို နယ်ချဲ့သိမ်းယူရန် ကြံစည်သည်ကို သိလာသည်ကတစ်ကြောင်း၊ ထို့ကြောင့် ရတက်မအေးနိုင်အောင်ဖြစ်ရပြီး ကေတုမတီနှင့် သင့်မြတ်မှဖြစ်ချေတော့မည်ဟု တွေးကာ ကေတုမတီသို့ အထိန်းတော်ကြီးများဖြစ်သော ဗညားလောနှင့် ဗညားကျန်းတို့ကို သံတမန်အဖြစ်စေလွှတ်၍ နှစ်ပြည့်တစ်ပြည် မီးမသေရေမနှောက် ရွှေလမ်းငွေလမ်းဖောက်ရန် ကြိုးစားတော့သည်။

ဟံသာဝတီဘုရင်၏ သံအဖွဲ့ ကေတုမတီသို့ရောက်လျှင် တပင်ရွှေထီးက ဟံသာဝတီများကို သံတဲ၌နေစေပြီး ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်သည်။ ထို့နောက် ကျော်ထင်နော်ရထာကို ရှေ့တော်သို့ ခေါ်ယူပြီး ထိုအရေးကိစ္စကို တိုင်ပင်တော်မူသည်။

ကျော်ထင်အနော်ရထာက . . .
ဤနေရာ၌ ဗေဒဥပါယ်ကို အသုံးချသင့်ကြောင်း လျှောက်တင်လေရာ တပင်ရွှေထီးမှာ နှစ်သက်တော်မူသဖြင့် နောက်တစ်နေ့၌ ဟံသာဝတီသံအဖွဲ့ကို ရှေ့တော်သို့ဝင်ရောက်စေ၏။

ရာမညတိုင်းနှင် ကေတုမတီပြည်ကြီးသည် ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ လက်ထက်ကတည်းက ရေဝယ်တားသော်အကြားမထင်သကဲ့သို့ မီးမသေရေမနှောက် ဖြစ်လေသည်။ ယခု ရှေးကကဲ့သို့ နှစ်ပြည်ထောင်မင်းနှစ်ပါး ရွှေတစ်ပြားတည်းကဲ့သို့ဖြစ်မူ၊ တိုင်းကားနိုင်ငံ၌ နေကုန်သော သတ္တဝါခတ်သိမ်းတို့သည် ချမ်းသာခြင်းသို့ရောက်ကြ၍ ပရိယတ္တိံ၊ ပဋိပတ္တိသာသနာတော်သည်လည်း အစဉ်ရှည်စွာတည်ပါလိမ့်မည် ညီတော်မင်းတရား”

တပင်ရွှေထီးက မည်သို့မျှမိန့်တော်မမူဘဲ ဟံသာဝတီအကြောင်း၊ ဗညားလော၊ ဗညားကျန်းတို့၏ အကြောင်းကိုသာ အနည်းငယ်မေးမြန်းမိန့်ဆိုပြီး အတွင်းတော်သို့ဝင်တော်မူသည်။ နောက်တစ်နေ့တွင်မူ သံကြီးများဖြစ်ကြသည့် ဗညားလောနှင့် ဗညားကျန်းတို့ကို ခေါ်ယူတော်မမူဘဲ အတူပါလာသည့် အတူပါလာသည့် သံငယ်များကိုသာခေါ်ယူကာ ဗညားလောနှင့် ဗညားကျန်းတို့ အကြောင်းကို ချီးမွမ်းလျက်၊ သံငယ်တို့အား ဆုလာဘ်များစွာတို့ကို ပေးတော်မူသည်။ ထို့နောက် ရွှေသစ္စာပန်းနှစ်ပွင့်ကို လက်တော်ဖြင့်ကိုင်၍ . . .

“ဤသစ္စာပန်းနှစ်ပွင့်ကို ဦးရီးတော်များလက်သို့ တူတော်ကေတုမတီ ဘုရင်က ပေးတော်မူ လိုက်ကြောင်းကို ပြောကြားပေးကြပါ” ဟု မိန့်တော်မူကာ ရွှေသစ္စာပန်းနှစ်ပွင့်ကို သံငယ်များလက်သို့ အပ်နှင်းတော်မူသည်။

ဟံသာဝတီမှစေလွှတ်သည့် သံအဖွဲ့ ကေတုမတီမှ ပြန်ကြသောအခါ လမ်းခရီးတွင်ပင် မသင့်မတင့် ဖြစ်ကြလေ၏။ ဟံသာဝတီသို့ရောက်၍ ဘုရင့်ရှေ့တော်မှောက်သို့ဝင်ကြသောအခါ သံကြီးတို့က “ကေတုမတီဘုရင်သည် ငယ်ရွယ်သူဖြစ်သဖြင့် ကိစ္စအကြောင်းအရာကို အရေးထား ဂရုစိုက်ခြင်းမပြု၊ သံငယ်တို့ကိုသာ အလေးဂရုပြုပါသည်။ ထို့ပြင် သံငယ်တို့အား ဆုလာဘ်များစွာပေး၍ ရွှေသစ္စာပန်းနှစ်ပွင့်ကို ပေးလိုက်ပါသည်” ဟု လျှောက်တင်ကြလေ၏။

သံတို့၏လျှောက်တင်ချက်ကို ကြားသိရသည်တွင် ဟံသာဝတီဘုရင်သည် လက်ရုံးသဖွယ် အားကိုးတော်မူခဲ့ရသည့် မိမိ၏ အထိန်းတော်ကြီးများဖြစ်ကြသော ဗညားလောနှင့်ဗညားကျန်းတို့အပေါ် သံသယဝင်လာသည်။ ကေတုမတီဘုရင်၏ ပရိယာယ်ကို မရိပ်မိဘဲ . . .

“ရွှေသစ္စာပန်းနှစ်ပွင့်ဆိုသည်မှာ လွန်စွာထူးဆန်းလှသည်၊ ကေတုမတီဘုရင်မှာလည်း နားမလည်၍ ပြုမူသည်ဆိုစေကာမူ ဂရုမစိုက်လျှင် နှစ်ဦးစလုံးကို ဂရုမစိုက်ဘဲနေရုံသာရှိ၏။ ယခု ရွှေသစ္စာပန်းနှစ်ပွင့်ပေးခြင်းသည် ငါ၏ သံကြီးများနှင့်အတွင်းကြိတ်ကြံကာ ငါ၏ထီးနန်းကိုလုပ်ကြံရန်အတွက်သာ ဖြစ်ပေလိမ့်မည်၊ သစ္စာပန်းမှာ နောက်က အချိန်းအချက်ရှိပြီးဖြစ်၍ သစ္စာကတိတည်ရန်အကြောင်းဖြစ်မည်။ ငါ့အနေနှင့် သတိနှင့်နေပါမှ ဖြစ်ပေတော့မည်ဟု တွေးလိုက်ကာ ဗညားလောနှင့် ဗညားကျန်းတို့အပေါ် အယုံအကြည်လျော့ပါး၍ လာလေသည်။

ဟံသာဝတီသံများ ကေတုမတီသို့ရောက်ရှိ၍ ကေတုမတီဘုရင်မှ ပစ်လွှတ်လိုက်သော ပရိယာယ်မြားချက်သည် ဟံသာဝတီဘုရင်၏ ရင်သို့စူးဝင်ကာ ဟံသာဝတီဘုရင်က ၎င်း၏ အထိန်းတော်ကြီးနှစ်ဦးအပေါ် အယုံအကြည်လျော့ပါးလာကြောင်း၊ အထောက်တော်များမှတဆင့် တပင်ရွှေထီးနှင့် ကျော်ထင်နော်ရထာသို့ သိရှိရသောအခါ နောက်တစ်နည်းဖြင့် ပရိယာယ်တစ်ခုကို ဆင်လိုက်ပြန်သည်။

ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်း သုံးဆယ့်နှစ်ယောက်ကို ကေတုမတီ သံအဖွဲ့ အယောင်ဆောင်ကာ ဟံသာဝတီသို့စေလွှတ်သည်။ ဥာဏ်သမား သူရဲကောင်း သုံးဆယ့်နှစ်ယောက်တို့သည် ဟံသာဝတီနယ်တွင်းသို့ရောက်ကြလျှင် ရွာသူကြီးအိမ်များသို့ဝင်ကာ

“ငါတို့သည် ကေတုမတီသံကြီးများဖြစ်သည်၊ ထမင်းဟင်းကျွေးရမည်၊ အရက်သေစာပေးရမည်” ဟု အတင်းအဓ္ဓမတောင်းကြသည်။ ရွာသူကြီးတို့ကလည်း ကြောက်ရွံ့ကြသဖြင့်ကျွေးမွေးပြုစုကြ၏။ “ငါတို့၏ဝန်ထုပ်ဝန်ပိုးများကိုလည်းလိုက်ပို့ကြရမည်” ဟု ပြောဆိုကြသဖြင့် သူရဲကောင်း သုံးဆယ့်နှစ်ဦး သွားလိုရာသို့လိုက်ပို့ကြရသည်။ သို့ဖြင့် ခရီးဆက်ခဲ့ရာ မင်းပေါက်ဆိုးပေါက် သူကြီးတစ်ဦး အိမ်သို့ရောက်ရှိလျှင် ထိုသူကြီးအား မခံမရပ်နိုင်အောင် အနိုင့်အထက် နှိပ်စက်ကလူပြုမူကြသည်။

ထိုသို့ဖြစ်နေပုံကို ရွာသားများတွေ့သဖြင့် ဝိုင်းအုံလာသောအခါ ရွာသားတို့အား စော်ကားမော်ကားပြုလျက် ထုထောင်းကြသည်။ ရွာသားတို့ မခံမရပ်နိုင်၍ ဝိုင်းအုံရိုက်နှက်ကြသောအခါတွင် ကေတုမတီသံ အယောင်ဆောင်လာသူတို့မှာ မိမိတို့၏ အကြံအစည် အောင်မြင်ပြီဟု သိရှိလိုက်ကြပြီး၊ ရုန်းရင်းဆန်ခတ်ထွေးလုံး သတ်ပုတ်နေရာမှ မိမိတို့ ယူဆောင်လာသော ယွန်းကျည်တောက်ကို ပစ်ထားခဲ့ကာ လက်လွတ်ထွက်ပြေးသွားကြလေသည်
(မှတ်ချက်။ ။ ထိုယွန်းကျည်တောက်၌ ကေတုမတီ တောင်ငူဘုရင် တပင်ရွှေထီး၏အမိန့်တော် ပါရှိသည်။ ထိုအမိန့်တော်ကို ကတ္တီပါဖြင့် သေချာစွာရစ်ပတ်ပြီးလျှင် သက္ကလတ်အိတ်မှာ ထည့်သည်။ သက္ကလတ်အိတ်ကို ချိတ်တံဆိပ်ဖြင့် ခတ်နှိပ်ထားသည်။)

ကေတုမတီသံတို့ ထွက်ပြေးသွားကြလျင် ရွာသားတို့သည် သံတို့စွန့်ပစ်ခဲ့သော ယွန်းကျည်တောက်ကို တွေ့ရသည်။ ထိုကျည်တောက်မှာ ဘုရင်မင်းမြတ်တို့နှင့်ဆိုင်သည့် ဘဏ္ဍာတော်ဖြစ်သဖြင့် ရိုသေစွာယူဆောင်ကြပြီးလျှင် မိမိတို့၏ ဘုရင်ကိုဆက်ကြသည်။ ဟံသာဝတီဘုရင်က ကေတုမတီသံတို့ ကျန်ခဲ့သည့် ယွန်းကျည်တောက်အတွင်းမှ စာကိုဖွင့်၍ဖတ်စေကာ ဤသို့တွေ့လေသည်။

ဦးရီးတော်များထံသို့ကြားစာ
တူတော် ကေတုမတီဘုရင် ကြားအပ်ပါသည်။
ဦးရီးတော်ကြီးများ . . .

ဦးရီးတော်တို့ထံမှ လျှောက်တင်လိုက်သော စာအတိုင်း ဟံသာဝတီကို အလိုပြည့်ခဲ့ပါလျှင် ဦးရီးတော် ဗညားလောကို ဟံသာဝတီမြို့စားခန့်ပါမည်။ ဦးရီးတော် ဗညားကျန်းကို မုတ္တမမြို့စားခန့်ပါမည်။ ဦးရီးတော်များကို လေးလေးစားစား သူကောင်းပြုပါမည်။ တူတော်၏အကြံများ လွယ်လင့်တကူအောင်မြင်စေရန် လျှောက်ထားလိုက်သောစာအတိုင်း ဖြောင့်ဖြောင့်မှန်မှန် ထမ်းရွက်ကြမည်ဟု ယုံကြည်တော်မူရင်း ရှိပါသည်။
ကေတုမတီဘုရင်

စာပါအကြောင်းအရာကို သိရှိရသည်တွင် ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိမှာ မှန်သည် မမှန်သည်ကို မဆင်ခြင် မနှိုင်းချိန်နိုင်။ ရွှေသစ္စာပန်းနှစ်ပွင့်ကြောင့် မယုံမကြည်ရှိနေရာမှ ယခုကဲ့သို့ သက်သေခံကို တွေ့လိုက်ရသည်တွင်ကား မိမိ၏လက်ရုံးများသဖွယ် အားကိုးအားထားခဲ့ရသည့် ဗညားလောနှင့် ဗညားကျန်းတို့အား ကွပ်မျက်ရန် အမိန့်တော်ချလိုက်တော့သည်။

မှတ်ချက်။ ။ ရွှေသစ္စာပန်းနှစ်ပွင့်ကို အထိန်းတော်ကြီးနှစ်ဦးအား ပေးလိုက်ခြင်းမှာ ကေတုမတီ ဘုရင်၏ ရာဇပရိယာယ်၊ ဥပါယ်ဗေဒဆင်ခြင်းဖြစ်၏။ ဟံသာဝတီဘုရင်ကို သုံးကြိမ်တိုင်လုပ်ကြံရာ၌ မအောင်မြင်ရခြင်းမှာ ဗညားလောနှင့် ဗညားကျန်းတို့၏ အစီမံကောင်းခြင်းကြောင့် ဖြစ်သည်ဟု ရာဇဝင်ကြီးများတွင် ပြဆိုထား၏။ သံငယ်တို့ကို အရေးပေးခြင်း၊ ရွှေသစ္စာပန်းနှစ်ပွင့်ပေးခြင်းတို့ကြောင့် ဟံသာဝတီဘုရင်မှာ သံကြီးများအပေါ် အယုံအကြည်မရှိဖြစ်လာကာ ရာထူးချခြင်း၊ ကွပ်မျက်ခြင်းတို့ကို ပြုစေခြင်းဖြစ်၏။

ပျက်စီးချိန်တန်က ပျက်သည်ဆိုသည့် သင်္ခါရဓမ္မသဘောအတိုင်း မွန်မင်းတို့စိုးပိုင်ခဲ့သည့် ဟံသာဝတီကား သုရှင်တကာရွတ်ပိမင်းလက်ထက်တွင် ပျက်ချိန်တန်လာပြီဟု ဆိုရတော့မည်။

ထိုသို့ ဟံသာဝတီတွင် ဗညားလောနှင့် ဗညားကျန်းတို့ကွပ်မျက်ခံရပြီဟု သိလိုက်ရလျှင် တပင်ရွှေထီးသည် ကျော်ထင်နော်ရထာနှင့် တိုင်ပင်တော်မူသည်။ ကျော်ထင်နော်ရထာက . . .

“ဟံသာဝတီပြည်တွင် ရှေးက မဖြစ်ခဲ့ဘူးသော အတိတ်နမိတ်များထင်ရှားစွာဖြစ်သည်။ ယခုအခါ ဟံသာဝတီဘုရင် အားကိုးအားထားပြုခဲ့ရသည့် ဗညားလောနှင့် ဗညားကျန်းတို့လည်း ကွပ်မျက်ခံလိုက်ရပြီ ဖြစ်သည့်အတွက် ဟံသာဝတီဘုရင်အဖို့အားချည့်ခဲ့ရပြီ။ ဘုန်းတော်ကြီးသည့် အရှင်သည်ဆင်လုံးမြင်းရင်း သင်းပင်းဗိုလ်ပါအပေါင်းနှင့်စီရင်၍ ချီတော်မူပါလျှင် ဟံသာဝတီဘုရင်သည် မြို့တော်မှပင် ခံဝံ့မည်မဟုတ်၊ ဟံသာဝတီကို ဓားမကျိုး၊ လှံမခွေအလွယ်တကူနှင့် ရနိုင်ပါမည်။ အကယ်၍ ဟံသာဝတီ (၃၂) မြို့ကို ရတော်မူလျှင် မုတ္တမ (၃၂)မြို့၊ ပုသိမ် (၃၂)မြို့တို့လည်း အရှင်၏လက်နက်နိုင်ငံတော်ချည်း ဖြစ်ရပါလိမ့်မည်” ဟု လျှောက်တင်သည်။

ထိုသို့ ကျော်ထင်နော်ရထာ၏ လျှောက်တင်ချက်ကို တပင်ရွှေထီးနှစ်သက်တော်မူသဖြင့် ဟံသာဝတီကို ချီတက်တိုက်ခိုက်သိမ်းယူရန် စစ်ပြင်ဆင်တော်မူသည်။

ယခုတစ်ကြိမ်ချီရာတွင် ယခင်ချီရာကဲ့သို့ ကြည်းကြောင်းဖြင့်သာ မချီတော့ဘဲ ရေကြောင်းချီတပ်တော်ကိုပါတွဲကာ စစ်ချီတော်မူသည်။ ကြည်းကြောင်းချည်တပ်တွင် တိုက်ဆင်(၁၂၀)၊ စစ်မြင်း (၈၀၀)၊ စစ်သည်(၇၀၀၀၀) ပါဝင်ပြီး၊ တပ်ပေါင်း (၁၃)တပ်ခွဲကာ တပ်များကို တုရင်ရာဇာ၊ တုရင်ဗလ၊ စစ်တုရင်္ဂသူနှင့် တုရင်ယော်ဓာတို့က အုပ်ချုပ်ကာ ရှေ့မှချီစေသည်။

ရေကြောင်းချီတပ်တော်တွင် စစ်သည် (၁၀၀၀၀)နှင့် တိုက်လှေ (၂၀၀)ကျော် ပါဝင်ကာ၊ လှေတော်များတွင် အမြောက်ကြီး မြတပူနှင့် ရိက္ခာတို့ကိုတင်ကာ ပေါင်းလောင်းမြစ်အတိုင်း ချီသည်။ ရေကြောင်းချီတပ်တော်ကို အုပ်ချုပ်သူမှာ မင်းမဟာဘယကျော် ဖြစ်၏။ ကေတုမတီ နေပြည်တော်တွင်ကား သက်ရှည်ကျော်ထင်နှင့် သင်္ခယာတို့ကို အစောင့်အဖြစ်ထားခဲ့၏။

ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိသည် တပင်ရွှေထီး၏တပ်များ ဟံသာဝတီသို့ချီလာ၍ ကေတုမတီမှ (၃)စခန်းသို့အရောက်တွင် ယခင်ကကဲ့သို့ ပြန်လည်ခုခံရန် မဝံ့တော့သဖြင့် ဟံသာဝတီကို ထားခဲ့ကာ စစ်သည်ဗိုလ်ပါလက်နက်များနှင့်အတူ ပြည်သို့ပြေးလေသည်။

ထိုသို့ပြေးရာတွင် ဗညားဒလ၊ အဲဗြသီး၊ ရဲသင်ရံ၊ ပိုက်ကမြင်တို့ကို တပ်(၅)တပ်ဖွဲ့ကာ တိုက်ဆင်(၂၀၀)၊ စစ်မြင်း(၈၀၀)၊ စစ်သည်(၂၀၀၀၀)ဖြင့် ကြည်းကြောင်းမှ ချီတက်၏။ ကိုယ်တော်တိုင်ကား ရေကြောင်းဖောင်တော်စီးလျက် အဲမွန်တာရာ၊ သမိန်စည်သူ၊ သမိန်သံကျယ်၊ ဝိုင်ရနဲ၊ ညီကံကောင်း၊ အဲရနဲတို့ဖြင့် တပ်ပေါင်း(၆)တပ်၊ ဇလာကပင်း၊ လှော်ကား၊ သံလှေ(၇၀၀)ကျော်၊ စစ်သည်(၄၀၀၀၀) ကျော်ဖြင့် ပြည်သို့ ရေကြောင်းမှဆန်တက်တော်မူသည်
မှတ်ချက်။ ။ ဇလာကပင်းလှေမှာ သေတ္တာနှင့်တူပြီး၊ ဦးနှင့်ပဲ့က လခြမ်းနှင့်တူသည့် လှေကြီးမျိုးဖြစ်သည်။ သံလှေမှာ လှေလုံးကို သံပြားပတ်၍ ဦးနှင့်ပဲက သံချွန်၊ သံချိတ်တပ်ကာရန်သူ့လှေနှင့်တိုက်ခိုက်၍ ချိတ်ရန်၊ ဆွဲရန် သရဲစီးလှေမျိုးဖြစ်သည်။

ထိုအချိန်တွင် ဟံသာဝတီ၌ အမတ်ကြီးသမိန်ပရူကျန်ခဲ့ပြီး။ ရှိသည့်အင်အားဖြင့် ကေတုမတီတပ်များကို ခုခံရန်စီစဉ်သည်။ ကျော်ထင်နော်ရထာလွှတ်ထားသော အထောက်တော်တို့ထံမှ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိ ပြည်သို့ပြေးသွားကြောင်း တပင်ရွှေထီးသိရှိတော်မူလျှင် တပ်တော်များကို အမြန်ဆင့်ခေါ်လျက် ဟံသာဝတီသို့ အပြင်းချီတက်သည်။ ကျော်ထင်အနော်ရထာနှင့်တပ်များ မြို့အနီးသို့ ချဉ်းကပ်မိလျှင် မြို့အတွင်းမှ စတင်ပစ်ခတ်သည်။ ကျော်ထင်နော်ရထာက ကိုယ်တိုင် ရှေ့ဆုံးမှနေ၍ ဆင်ဆယ်စီးဖြင့် မြို့တံခါးကို တစ်ဟုန်တည်း တွန်းဖွင့်စေရာ ဟံသာဝတီမြို့တံခါးကျိုးပေါက်သွားရသည်။ ကေတုမတီ စစ်သည်တို့က မြို့အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်ကာ မြို့ကိုသိမ်းပိုက်လိုက်ကြသည်။ ဟံသာဝတီမှာ ကေတုမတီဘုရင် တပင်ရွှေထီး၏ စက်တော်အောက်သို့ ရောက်ရှိသွားခဲ့ရတော့သည်။

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ

No comments:

Post a Comment